မင်းလှ မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းဌေးက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းရခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများက အ.ထ.ကရေကျော်နှင့် အ.လ.က ကျွဲမကိုင်းတို့အတွက် ဗလာစာအုပ်(၁၅)ဒါဇင်စီ၊ မူလတန်း (၆)ကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်စီနှင့် ဗလာစာအုပ် (၁၅)ဒါဇင်စီတို့ကို ပေးအပ်ခဲ့ကြသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄)ကျောင်းတို့၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ( မင်းလှ)