ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ကြံခင်း မေ ၂၆

ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း ယနေ့ နံနက်(၉)နာရီက စတင်ပြီး ကြံခင်းမြို့နယ် အခြေခံ ပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG)သို့ အပ်နှံရန်၊  (၆)နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1)သို့ အပ်နှံရန်နှင့် ကျောင်းများ အပ်နှံရာတွင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်/ခဲတံများ(အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ကျောင်းအပ်နှံခြင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးအေးထွန်းက "၂၀၂၂-၂၀၂၃ ပညာ သင်နှစ်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား/သူများ(သင်ရိုးသစ်) သင်ကြား မှုတွင် ဒီနှစ်စတုတ္ထတန်းအောင်သူများ လက်ရှိမူလတန်းအဆင့်မှာ ပဉ္စမတန်းတက်ရမှာဖြစ်ပြီး အလယ်တန်းအဆင့်မှာ သင်ရိုးသစ်(၇)တန်း (Grade-7) အောင်သူများ (သင်ရိုးသစ်)(၈)တန်း (Grade-8)တက်ရမယ်၊ သင်ရိုးဟောင်း(၇)တန်း (Grade-8) အောင်သူများက သင်ရိုးဟောင်း (၈)တန်း (Grade-9) တက်ရမှာဖြစ်လို့ (၈)တန်းက (သင်ရိုးသစ်နှင့် သင်ရိုးဟောင်း)(၂)တန်းရှိမှာပါ၊ ဒီနှစ်(၉)တန်း (Grade-9) သင်ရိုးသစ်မရှိသေး၍ (၉)တန်းပျောက်သော နှစ်ဖြစ်မယ်၊ နောက်အထက်တန်းအဆင့်မှာက အလယ်တန်းအဆင့်မှ သင်ရိုးဟောင် း(၈)တန်း (Grade-9) အောင်သူများက အထက်တန်းအဆင့် (သင်ရိုးသစ်) (၁၀)တန်း (Grade-10) တတ်ရမှာဖြစ်တယ်" ဖြစ်တယ်ဟု ပြောကြားသည်။

ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ (အ.ထ.က) ကျောင်း (၇)ကျောင်း၊ (အ.ထ.က ခွဲ)ကျောင်း (၂)ကျောင်း၊ (အ.လ.က)ကျောင်း (၈)ကျောင်း၊(အ.လ.က/ခွဲ) ကျောင်း(၃)ကျောင်း၊ (မူ/လွန်၊ အ.မ.က)ကျောင်း(၃)ကျောင်း၊ (အ.မ.က)ကျောင်း (၉၈)ကျောင်း၊ (မူ/ခွဲ အ.မ.က)ကျောင်း (၁)ကျောင်း၊ ဘုန်းတော်ကြီး စာသင်ကျောင် း(၂)ကျောင်းနှင့် ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (၂၆-၅-၂၀၂၂)မှ စ၍ (၁-၆-၂၀၂၂)အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)