ဝါးခယ်မ မေ ၂၆
၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ပြီး ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်များအား ယနေ့ နံနက်မှစကာ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
"ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရန် အခမဲ့ပညာ သင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိဘများ အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန် သက်ဆိုင်ရာ ကျောင်းများ ၌ ကျောင်းအပ်နှံပေးကြရန် လိုအပ်ကြောင်း၊ မည့်သည့်အကြောင်းနှင့် ဖြစ်စေ ကလေးငယ်များ၏ ပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်စေရန် မိဘများပူးပေါင်းပါဝင်ကြရန် လိုအပ်ပါတယ်" ဟု ကျောင်းသား မိဘ ဦးဝင်းစိုးက ပြောသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ မိဘအုပ်ထိန်းသူများက အခြေခံပညာကျောင်းများအရောက် ကျောင်းအပ်နှံ ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမျိုး မပြုဘဲ ကျောင်းအပ်နှံရေး လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝါးခယ်မမြို့နယ်အတွင်း အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း စုစုပေါင်း ၃၃၉ ကျောင်းတွင် ကျောင်းအပ်နှံမှု လုပ်ငန်းများအား တစ်ပြိုင်နက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)