မြောင်းမြ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး က အဖွင့်အမှာစကား ပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို နေရာအနှံ့ဆောင်ရွက်နေကြကြောင်း၊ ရောဂါမဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုကြောင်း၊ ကျောင်းများဖွင့်တော့မည်ဖြစ်၍ ကျောင်းများတွင် သန့်ရှင်းရေးပြုလုပ်ပြီး ခြင်ပေါက်ဖွားမှု မရှိအောင် သန့်ရှင်းအောင်ထားခြင်းဖြင့် ကလေးများ ခြင်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ် ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့် ကျောင်းအပ်နှံ ရမည့်ရက်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးများ ရာနှုန်းပြည့် လာရောက်အပ်နှံကြရန် ကိုလည်း အသိပညာပေး တိုက်တွန်းနှိုးဆော်ကြရန်လိုကြောင်း၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန တို့နှင့် အတူ အခြားဌာနဆိုင်ရာများကပါ ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုကြောင်း စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်က သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း အစီအမံများနှင့် နှစ်အလိုက် ရောဂါဖြစ်ပွားမှု နှုန်းများ၊ ဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်