ဟင်္သာတ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါကျောင်း ရွှေဝါထွန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့ကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျနားလည်သိရှိ လိုက်နာကြရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အမှတ် (၈၄) ယာဥ်ထိန်း တပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သက်နိုင်ဦးနှင့် ဟင်္သာတခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ စစ်ဆေးရေးမှူး ဦးကျော်ဇေယျာထွန်းတို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ ယာဉ်မောင်းသူများ လိုက်နာရန် စည်းကမ်းချက်များ၊ လမ်းလျှောက်သူများ လိုက်နာရန် စည်းကမ်းများကိုလည်းကောင်း၊ မော်တော် ဆိုင်ကယ်စီနင်းရာတွင် လိုက်နာရမည့် သိကောင်းစရာများကို လည်းကောင်းပြစ်မူ၊ ပြစ်ဒဏ်များကို လည်းကောင်း အကျယ်တဝံ့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ