ညောင်တုန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကြိမ်ချောင်းကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နေကြာ စိုက်ပျိုး ဧကလျာထားချက်နှင့် အထွက်တင်းများ မှန်ကန်မှုရှိစေရေး၊ အခြားနည်းခွင့်ပြုမှု မရရှိမီ မစိုက် ပျိုးဘဲထားရှိသည့် ဧကများ မရှိစေရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေ အသုံးပြုမှုလျော့နည်း သက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က တောင်သူများ အသုံးပြု လျက်ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတာဝန်ခံများ၊ ကြိမ်ချောင်းကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)