ငါးသိုင်းချောင်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က ဟောပြောပွဲ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ ဆရာဝန်ဒေါက်တာ အောင်ပြည့်ဖြိုးပိုင်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပါတ်သက်သည့် အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ငါးသိုင်းချောင်းမြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက် (၆)ခုရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ စုစုပေါင်း အင်အား (၆၀)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထို့အပြင် ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်အလိုက် အဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး၊ အများပြည်သူနှင့် သက်ဆိုင်သည့် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာ ကျောင်းများသို့လည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ပြောကြားထားကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)