နတ်မောက်မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက်   မေ   ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်ခန့်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ဟိန်းနှင့် အတွင်းရေးမှူး ရဲမှူးမင်းသူတို့က နယ်မြေလုံခြုံရေးအတွက် အဓိကထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ/မများအနေနှင့် နယ်မြေအခြေအနေများအား သိရှိပါက သက်ဆိုင်ရာနယ်မြေစခန်းများထံသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးဦးကျော်စိုးဝင်းက သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ/မများအား ကျောင်းအပ်နိုင်ရေး ပိုစတာများထုတ်ယူပြီး မြင်သာသည့်နေရာတွင် ကပ်ထားရန်၊ ပုံနှိတ်စာအုပ်များ၊ ဗလာစာအုပ်များနှာခေါင်းစည်းများ ထုတ်ယူရန်၊ ထူးခြားမှုများရှိပါက အခြေအနေအားချက်ခြင်း သတင်းပေးပို့ရန်၊ ဆရာမရှိသည့် ကျောင်းများသို့ တွဲထားသည့် ဆရာ/မများ ယခင်နှစ်အတိုင်း ယာယီတွဲပြီး တာဝန်ထမ်းဆောင်ရန်၊ နေ့စဉ်ကျောင်းအပ်စာရင်းများ ပို့ပေးရန် စသည့်အကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ဟိန်း၊ အတွင်းရေးမှူး ရဲမှူးမင်းသူ၊ မြို့နယ်ပညာရေးမှူးဦးကျော်စိုးဝင်းနှင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများမှ ဆရာ/မများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သင်းသင်းမြတ် (ပြန်/ဆက်)