သာယာဝတီမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာပါကချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ

သာယာဝတီ မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်စခန်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက် နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု အင်အားစွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ ယာဉ်နှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန် အဆင်သင့်အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်မီးသတ်စခန်းရှေ့ ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုဖွဲ့လေ့ကျင့်မှုအား မြို့နယ်မီးသတ် (ခေတ္တ) ဦးစီးမှူး  ဦးသိန်းနိုင်ဦးဆောင်၍  ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်း၌ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သုံးဆယ်မြို့ နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မကြာမီမိုးဦးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင် လက်ရှိအချိန်တွင်လည်း မုတ်သုန်လေများကြောင့် မုန်တိုင်းများ ဖြစ်ပေါ်ကာ မကြာခဏ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရုတ်တရက် ရေကြီးမှုများနှင့်အတူ သစ်ပင်များပြိုလဲ၍ လူနေအိမ်နှင့် အခြားအဆောက်အဦးများ ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူသွားလမ်းမကြီးများပေါ် သစ်ပင်လဲကျပိတ်ဆို့ခြင်း၊ လေဘေးဒဏ်ကြောင့် လူနေအိမ်များနှင့် အခြားအဆောက်အဦများ အမိုးလန်ပျက်စီးခြင်း၊ ပြိုကျခြင်းအစရှိသည်တို့ မကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ချက်ခြင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိ ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)