ပိုင်ကျုံ မေ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူများ၏ နေအိမ်များရှိ ရေသွန်လောင်ကန်များ၊ ရေစည်များကို ခြင်မှတစ်ဆင့် ပေါက်ဖွားလာသည့် ပိုးလောက်လန်းများ မရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်များ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် မိုးဦးရာသီတွင်ခြင် ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ပြည်သူများသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက် ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများ ဆောင်ရွက်ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကို လည်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)