ပုသိမ် မေ ၂၅
အခြခံဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်များမှ ရဲတပ်ဖွဲ့မှူးများနှင့် ရဲမေများ၊ သင်တန်းသား/သူ ကလေးငယ်များ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က လွန်ခဲ့သည့်နှစ်ပေါင်းများစွာ က မြတ်ဗုဒ္ဓ၏ လူမှုရေးရာကျင့်ဝတ်များဖြစ်သော နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တို့ပါဝင်သော ယဉ်ကျေးမှုဆိုင်ရာ လောကီ၊ လောကုတ္တရာ ကျင့်စဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်၍ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပျံနှံ့စိမ့်ဝင်ကာ မြန်မာနိုင်ငံသားများ လက်ခံကျင့်သုံးခဲ့ကြပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက လက်ခံကျင့်သုံးခဲ့သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ရာမှာ စာရိတ္တဗလသည် လွန်စွာမှ အရေးကြီးကြောင်း၊ သို့ဖြစ်ရာ ယနေ့ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဝင်၊ ၃၈ ဖြာ မင်္ဂလာ ပြည်သူ့နီတိ၊ ယဉ်ကျေးလိမ္မာစတဲ့ သင်ခန်းစာများကို သင်တန်းသား/သူများ အာဂုဏ်ဆောင်နိုင် ရေးအတွက် အထပ်ထပ်လေ့လာ မှတ်သားကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ မင်္ဂလာဓမ္မဇောတိကဓဇ ဆရာဦးဝေမြင့်က ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို အခမ်းအနားတက်ရောက်လာသူများအား ရှင်း လင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကလေးငယ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ စုစုပေါင်း(၉၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်