သာယာဝတီမြို့၌ အမျိုးသမီးများနှင့်ပတ်သက်သည့် GENDER, CEDAW, NSPAW နှင့် UNSCR 1325 အကြောင်း အသိပညာပေးဆွေးနွေး

သာယာ၀တီ မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက GENDER, CEDAW, NSPAW နှင့် UNSCR 1325 စသည့် အမျိုးသမီးများနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများ အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။

ရှေးဦးစွာ သာယာ၀တီခရိုင်၊ အမျိုးသမီးကော်မတီ‌ဥက္ကဋ္ဌကိုယ်စား ခရိုင်လ၀က ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး  သာယာ၀တီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီထွန်းက သာယာ၀တီခရိုင် လူမှု၀န်ထမ်းရုံး၏ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ လက်ပံတန်းမြို့နယ်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ဦစီးအရာရှိ ဒေါ်အေးသန်းက ကျား/ မရေးရာ အခြေခံသဘောတရားများ (GENDER) အကြောင်းကိုလည်းကောင်း၊ သာယာ၀တီခရိုင်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ဦစီးမှူးဒေါ်မို့မို့အေးက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂသဘောတူစာချုပ်(CEDAW) အကြောင်းကိုလည်းကောင်း၊ သာယာ၀တီခရိုင်၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက အမျိုးသမီးများအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂ္ဂလိကပိုင်ကျောင်းများမှ ကိုယ်စားလှယ်များက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)