ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် ဒေသခံပြည်သူများ အိမ်တိုင်ရာရောက်စနစ်ဖြင့် သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် ရေအရင်းအမြစ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ပြည်သူ - ကျေးလက် -ယူနီဆက်အဖွဲ့ တို့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူ - ကျေးလက် - ယူနီဆက်အဖွဲ့ တို့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ရေဖြူတွင်းကျေးရွာ ၊ ဆင်လူး(တ)ကျေးရွာ ၊ ဆင်လူး(မ)ကျေးရွာ ၊ လက်ယက်ကျေးရွာ ၊ ပေပင်ကျေးရွာ ၊ ကျွဲတံခါးကျေးရွာ ၊ ချောင်းဆုံကျေးရွာ ၊ နဘဲကုန်းကျေးရွာ ၊ စုစုပေါင်း ကျေးရွာ(၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကျေးရွာများအနက် နဘဲကုန်းကျေးရွာ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကာ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနေရပြီဖြစ်ကြောင်း သိရသည်။ ကျန်ရှိသည့်ကျေးရွာ(၇)ရွာတွင် ဆောင်ရွက်နေသည့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းမှာ ရေဖြူတွင်း ကျေးရွာတွင် ၇၀ ရာခိုင်နှုန်း ၊ ဆင်လူး(တ)နှင့် ဆင်လူး(မ)ကျေးရွာတွင် ၈၀ ရာခိုင်နှုန်း ၊ လက်ယက်ကျေးရွာတွင် ၈၀ ရာခိုင်နှုန်း ၊ ပေပင်ကျေးရွာ၊ ကျွဲတံခါးကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့တွင် ၅၀ ရာခိုင်နှုန်း အသီးသီးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကျေးရွာများအနက် ရေဖြူတွင်းကျေးရွာနေပြည်သူများ အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းသွားရောက်ပြီး ပိုက်ဆက်ရာတွင် စနစ်တကျ ဖြစ်စေရေး လိုအပ်သော နည်းပညာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အိမ်တိုင်ရာရောက်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက်ပါ မူဘောင်များနှင့် အညီ အလေးထားလိုက်နာဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် ပြည်သူ - ကျေးလက် - ယူနီဆက်အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်နေသည့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်းမှာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် မကြာမီအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ရာ ကျေးရွာရှိ အိမ်ခြေ(၂၂၇) အိမ် ၊ လူဦးရေ (၁၀၆၃)ဦးအား လွယ်လင့်တကူ သောက်သုံးရေ ဖူလုံစွာ သုံးစွဲသွားနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူပြု ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)