လေးမျက်နှာ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ ရုံးလုပ်ငန်းသုံး အော်တိုကြိုးဖုန်းများအား FWA(Fix Wireless Access)စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ပေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့က စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် MSAN(Multi Service Access Node), FWA(Fix Wireless Access)နှင့် FTTH(Fiber to the Home)စသည့် စနစ်များဖြင့် သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုအရည်အသွေးများ ရရှိစေရန်အတွက် အဆင့်မြှင့်တင် ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်းရှိ အော်တို အိတ်ချိန်းများအား FWA စနစ်ဖြင့် ပြောင်းလဲတပ်ဆင်ပေးရာ၌ တယ်လီဖုန်းနံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်း ဝန်ဆောင်မှုကို အသုံးပြုနေသူများအ ဆင်ပြေစေရန် လက်ရှိနံပါတ်(သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း လေးမျက်နှာမြို့နယ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)ရုံးမှ သိရသည်။
လေးမျက်နှာမြို့နယ်တွင် FWA စနစ်ဖြင့် အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ပေးမည့် အော်တိုကြိုးဖုန်း အလုံးရေ (၇၈)လုံးရှိပြီး အဆိုပါ ကြိုးဖုန်းများအဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂ ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကြိုးဖုန်းအလုံးရေ(၄၀)ကျော်ခန့်ကို တပ်ဆင်ပြောင်းလဲပေးပြီး ဖြစ်ကြောင်း မြို့နယ်(MPT)ရုံးမှ သိရသည်။
ရွှေမိုး(လေးမျက်နှာ)