ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်

ဟိုင်းကြီးကျွန်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွားစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ရေမြောင်းများနှင့် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်း၌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ NGO အဖွဲ့အစည်းများဖြင့် စုပေါင်းဆောက်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့စုပေါင်းဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း ဦးဆောင်ပြီး မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ NGO အဖွဲ့အစည်းများမှ အမှတ် (၁) ရပ်ကွက်အတွင်းရှိ လမ်းကြိုလမ်းကြားများ ပါမကျန်အောင်  စနစ်တကျစစ်ဆေးပြီး ရေသိုလှောင်ကန်များအား အဘိတ်ဆေးထည့်ခြင်း၊ စဉ့်အိုးများအား ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနေထိုင်နိုင်မည့် နေရာများအား ခြင်ဆေးဖျန်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်ပြီး ခြင်ပေါက်ဖွားမှုမရှိအောင် ရေမြောင်းများကို ပြန်လည်တူးဖော်ပေးခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ နယ်မြေဒေသအားလုံး ကိုလည်း ယခုကဲ့သို့ပင် စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်