သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ခြင်များ ခိုအောင်း ပေါက်ဖွားရာ နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

သာပေါင်း မေ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်(၁/၂/၃)တို့ရှိ ခြင်ခိုအောင်းပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့များ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက်များအတွင်း နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန် တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်