ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ “သတင်းအမှန် ပြည်သူ့ထံ ” လက်ကမ်းစာစောင်များ ပေးအပ်ပွဲ ကျင်းပ

ပြည် မေ ၂၄

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)က ပြည်ခရိုင်အတွင်း သတင်းမီဒီယာသမားများထံ “သတင်းအမှန် - ပြည်သူ့ထံ” လက်ကမ်းစာစောင်များ ပေးအပ်ပွဲ အခမ်းအနားကို  ပြည်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးသက်နိုင်ဦးက တက်ရောက်လာကြသူများအား သတင်းတု / သတင်းမှား အကြောင်းများ အပါအဝင် သတင်းအမှားများ ပပျောက်ရေးနှင့် သတင်းအမှန် ပြည်သူ့ထံသို့ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ဌာန၏ ရည်မှန်းချက်တာဝန်သုံးရပ်နှင့် အညီသတင်းအမှန်ပြန်ကြားရေး ကဏ္ဍဆောင်ရွက်နေမှုများအကြောင်းနှင့် လူမှုကွန်ရက်တွင်ပြန့်နှံ့နေသော သတင်းတု/ သတင်းယောင်များအား  ခွဲခြားစိစစ်ရန် မီဒီယာသိနားလည်မှုဆိုင်ရာ အကြောင်းများကို မိတ်ဆက်စကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးသက်နိုင်ဦးက ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် တက်ရောက်လာသော ပြည်ခရိုင် ခြောက်မြို့နယ်ရှိ သတင်းမီဒီယာအသီးသီးမှ သတင်းမီဒီယာ တာဝန်ခံများထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) ၏ သတင်းမီဒီယာများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ထုတ်ဝေသည့် “သတင်းအမှန် - ပြည်သူ့ထံ” အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ပြောကြားသော ဆောင်ပုဒ်တစ်ခုက သတင်းအမှန် ပြည်သူ့ထံ ဖြစ်ပါကြောင်း၊ သတင်းအတု သတင်းအမှားတွေကြောင့် မဖြစ်သင့်တဲ့ ဖြစ်ရပ်တွေအများကြီးဖြစ်ခဲ့သလို မသေသင့်တဲ့လူတွေလည်း အများကြီးသေခဲ့ကြပါကြောင်း၊ သေနတ်တစ်ချက်ကြောင့် လူတစ်ယောက်ပဲသေနိုင်ပေမယ့် ဆူပူအုံကြွအောင် သတင်းအမှားရေးတဲ့ ကလောင်သွား တစ်ချက်ကြောင့် လူတွေအများကြီးသေနိုင်ပါကြောင်း၊ ဒါကြောင့် “သတင်းအမှန် ပြည်သူ့ထံ”ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း ကလောင်သွားကိုင်ထားတဲ့ သတင်းသမားတွေအနေနဲ့ သတင်းအတု၊ သတင်းအမှားတွေ ကင်းစင်ပပျောက်သွားစေဖို့ "သတင်းအမှန် ပြည်သူ့ထံ" တင်ပြရေးသားကြပါစို့" ဟူ၍ အသိပညာပေး အကြောင်းအရာများ ဖော်ပြပါဝင်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)