မြောင်းမြ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၏ ကြွေးဟောင်းများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များထုတ်ချေးပေးနိုင် ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြွေးဟောင်းများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးအေးသိန်းက မြို့နယ်အတွင်းရှိ တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေသစ်များ ထပ်မံ ထုတ်ချေးပေးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေဟောင်းများအား အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပေးသွင်းရန်လိုအပ်ကြောင်း၊ သို့မှသာ ချေးငွေများ ထပ်မံထုတ်ချေးနိုင်ရေး၊ စိုက်ပျိုး စရိတ်ချေးငွေ စည်းမျဉ်းများနှင့် အညီ ထုတ်ချေးပေးနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စု(၉၇) အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေ စိစစ်ရေးအတွင်းရေးမှူး (၉၇)ဦးတို့က စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး တောင်သူများအနေဖြင့် ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများနှင့် ချေးငွေစည်းကမ်း သတ်မှတ်ချက်များ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်နိုင်ရေးကိစ္စများအား၊ အသီးသီး မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)