တောင်တွင်းကြီး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သရက်ခုံကျေးရွာမှ ကုက္ကိုကုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ပြည်နယ်မှပြန်လာသူ အသက်(၃၇)နှစ်အရွယ်အမျိုးသားနှင့် အသက်(၃၆)နှစ် အရွယ် ၎င်း၏ဇနီးဖြစ်သူတို့၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၁)ရက်နေ့က ရယူစစ်ဆေးခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦးထဲသာပြန်လာတာဖြစ်ပြီး ဩဂုတ်လ (၁၈)ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှပြည်မြို့၊ ပြည်မြို့မှတဆင့် တောင်တွင်းကြီးမြို့သို့ ဩဂုတ်လ(၁၉)ရက်နေ့ကရောက်ရှိခဲ့ပြီး မိမိနေထိုင်ရာ သရက်ခုံကျေးရွာသို့ ပြန်လာခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသား၏ဇနီးမှာ ဖျားသည်ဟုပြောသဖြင့် ဩဂုတ်လ(၃၁)ရက်နေ့က ကုက္ကိုကုန်းတိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ လမ်းညွန်မှုနှင့် (Hospital Quarantine)ထားရှိပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများကိုရယူ၍ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ထားပြီး မကွေးတိုင်း ကျန်းမာရေး ဦးစီးဌာနမှတဆင့် အမျိုးသားဓါတ်ခွဲဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိရကြောင်း ယနေ့နံနက်က တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာ၏ တရားဝင် ပြောကြားချက်အရသိရသည်။
၀င်းခိုင်(ပြန်/ဆက်)