ညောင်တုန်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း (မဲဇလီ) ကျောင်းဝန်းအတွင်းရှိ ဒက္ခိဏနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို မေ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ဇေယျနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတို့က ဒက္ခိဏနှစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းဆောင်သစ်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့အား ကျောင်းဆောက်လုပ်သည့် "စည်သာရွှေအေး" ကုမ္ပဏီကိုယ်စား ကျောင်းအုပ် ဆရာကြီး ဦးညီညီမိုးက အထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်မှ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း (မဲဇလီ)ရှိ ဒက္ခိဏနှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား(၁၅၀)ပေ၊ အနံ(၃၀)ပေရှိ RC နှစ်ထပ်ဖြစ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး၏ အစီ အစဉ်ဖြင့် "စည်သာရွှေအေး" ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)