မအူပင်ခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်း ဆွေးနွေး

မအူပင်  စက်တင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မအူပင်ခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များ ရှင်းလင်းဆွေးနွေးတွေ့ဆုံခြင်းကို မအူပင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၌ ယနေ့နံနက် ၁၀ နာရီက စတင်ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် ပါတီ၏ လိုက်နာရမည့်ကျင့်ဝတ်တို့ကို လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးက မဲဆွယ်စည်းရုံးရာတွင် သတ်မှတ်ရက်၊ ကာလများအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် တို့ကို လည်းကောင်း၊ ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွေးက ရွေးကောက်ပွဲ အကြိုကာလ၊ စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလအဖြစ် ပိုင်းခြားထား ပြီး ကူညီဆောင်ရွက် သွားမှာဖြစ်ကြောင်း ခရိုင်ဥပဒေအရာရှိ ဦးထွန်းနိုင်က လိုက်နာရမည့် ဥပဒေပိုင်းဆိုင်ရာကို လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ COVID-19 ရောဂါကြိုတင် ကာကွယ်ရေး မဲရုံတိုင်းတွင် လက်သန့်ဆေးရည်၊ လက်ဆေးဘေစင်ထားရှိနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆန္ဒမဲပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်ရေးနှင့် ၆ ပေခွာ နေရေးကို လည်းကောင်း၊ စည်ပင်သာယာရေးကော်မတီမှ အလုပ်အမှုဆောင်အရာရှိ ဦးအေးသိန်းက မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဗီနိုင်း၊ ပိုစတာများ စိုက်ထူရာတွင် သိသင့်သည်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၂၃(ဂ)နှင့် (ဃ)တို့ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း များက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)