ရေနံချောင်း စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်းနှင့် နှားခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့မဈေးကြီးနှင့် ရတနာဈေးထိပ်လမ်းမကြီး တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေခြင်းကို အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နင်ခိုတင်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အဝတ်နှာ ခေါင်းစည်း (၅၀၀)ခုကို ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ရေနံချောင်းတက္ကသိုလ် ရွှေယင်းမာဆောင်(CBFQ)တွင် အသွားအလာကန့်သတ်စောင့်ကြည့် ထားသူများ အတွက် အဝတ်နှာခေါင်းစည်း(၁၀၀)ခု၊ Hand Gel ဘူးအသေး(၁၅)ဘူးနှင့် ရေသန့်ဘူး(တစ်လီတာ) ၅ ကတ် တို့ကိုလည်း လှူဒါန်းခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လူစုလူဝေးနေရာများ ရှောင်ကျဉ်ရန်နှင့် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့် ရရှိစေရန် အသိပညာပေးအနေဖြင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
ကိုစိုးကြီး