ကျောင်းကုန်း မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ညောင်အိုင် အခြေခံပညာအထက်တန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်တို့က RC နှစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကျောင်းသား/သူများ ရာနှုန်းပြည့် တက်ရောက်ကြရန် တိုက်တွန်းနှိုးဆော် စေချင်ပါကြောင်း၊ ကျောင်းမတက်သောသူများသည် "ပညာအညွန့်တုံးမည့်အရေး" တွေးဆစေချင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒေသကင်းကွာသူ) ပြည်တွင်း/ပြည်ပ သွားရောက် အလုပ်လုပ်ကိုင်သူများသာ ဆေးထိုးရန်ကျန်ရှိနေကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် နေကြာတိုးချဲ့စိုက်ပျိုးရန် စည်းရုံးပြောဆိုနေကြပါကြောင်း ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်က မိမိတို့၏ သားသမီးများကို ကျောင်းတော်ကြီးဆီ ပို့ပေးကြပါ၊ မိဘနှင့်ဆရာ ပူးပေါင်းမှ ကလေးပညာကောင်းမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ်အလံအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရိုစီငြိမ်းက ပေးအပ်ခဲ့ပြီး၊ ကျောင်းအကျိုးဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကျန်းမာရေးသုံးပစ္စည်းများ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ စာရေးကိရိယာများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
အဆိုပါ နှစ်ထပ်ကျောင်းဆောင်သစ်ကြီးသည် အလျား(၁၃၀)ပေ၊အနံ(၃၀)ပေ၊ RCဖြစ်ပြီး၊ "ရွှေဒါးက" ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)