ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ် အမျိုးသမီးကော်မတီအား ၂၀၂၂ ခုနှစ် မေလ(၁၈)ရက်နေ့တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်၍ ညှိနှိုင်းဆောင်ရွက်တင်ပြ သွားကြရန်၊ မြို့နယ်အဆင့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်သွားကြရန်၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန် ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မဖြစ်ပွားရေး အသိပညာပေးဆွေးနွေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဒေါ်နီနီမြင့်က အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်စေရေး အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ ဖွင့်လှစ်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်း များ ပို့ချပေးမှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် အိမ်တွင်းအကြမ်းဖက်ခံရသော အမျိုးသမီးများအား ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှု လုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝ ကောင်းမွန်စွာဖွံ့ဖြိုးစေရန် ထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူ အဖွဲ့ဝင်များက အမျိုးသမီးများ အိမ်တွင်းသက်မွေးလုပ်ငန်းများ၊ ရပ်ရွာ အခြေပြုသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း