ငပုတော မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ငပုတောမြို့ပေါ်ရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ရှုခင်းသာ ကားဂိတ်နှင့် မြို့(အဝင်/အထွက်) ကြိုဆိုပါ၏ စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများပူးပေါင်းပြီး အင်အား (၃၀)ဦးဖြင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငပုတောမြို့ပေါ်ရှိ ပြည်သူများအား မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုများ မရှိစေရေးအတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး စေတနာရှင်ပြည်သူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းလှူဒါန်းမှုဖြင့် Mask အရေအတွက် (၅၀၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)