လေးမျက်နှာ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပန်တောကြီးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၉၄၆)၊ ဦးပိုင်အမှတ် (၅၃/၂) တောင်သူဦးကြည်ဝင်း၏ လယ်ယာမြေ(၁၀)ဧကတွင် ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများတွင် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေ သြဇာ ၅ တန်မှ ၇ တန်ထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ ၁ အိတ်မှ ၃ အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံစိုက်ပျိုးခြင်းဖြင့် လယ်ယာမြေ အတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြုဘက်တီးရီးယားများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်း ကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ပြီး စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့ကြသည်။ လေးမျက်နှာမြို့နယ်တွင် သစ်စိမ်းမြေဩဇာ စုစုပေါင်း (၉၁၈)ဧက စိုက်ပျိုပြီးစီးကြောင်း သိရသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးတင်အောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူတောင်သူများ တက်ရောက်အားပေးခဲ့ကြ သည်။
ကျော်ဟိန်း(ပြန်/ဆက်)