ဒီးမော့ဆို စက်တင်ဘာ ၄
နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ကယားပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ် အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေ ရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါးသားပေါက်များ ပေးအပ်ပွဲတွင် ဒီးမောဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အမှာစကားပြောကြားပြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညွန့်ဝင်းက နိုင်ငံတော်အနေ ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ငါးမွေးတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအကျပ် အတည်းများနှင့် အခက်အခဲများအား လျော့ပါး သက်သာစေပြီး ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးသားပေါက်များ ပံ့ပိုးပေးအပ်လျက်ရှိ ကြောင်း၊ ကယား ပြည်နယ် တွင် ငါးမွေးကန် လိုင်စင်ရယူခဲ့သော ငါးမွေးတောင်သူ ၁၆၄ ဦး၊ ငါးမွေးကန် ၈၉၄ ဒသမ ၁၆ ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ဒေသခံများ ကြိုက်နှစ်သက်သည့် ငါးမျိုးစိတ်များကို ရွေးချယ်ပြီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက နောင်ပုလဲကျေးရွာအတွင်းရှိ ငါးမွေး တောင်သူ ၄၂ ဦး၊ ငါးမွေးကန် ၁၀၄ ဒသမ ၃ ဧကအတွက် ငါးမြစ်ချင်း ၁၁၄၇၃၀ ကောင်၊ ငါးခုံးမကြီး ၆၂၅၈၀ ကောင်၊ ရွှေဝါငါးကြင်း ၁၀၄၃၀ ကောင်၊ မြက်စားငါးကြင်း ၂၀၈၆၀ ကောင် စုစုပေါင်း ငါးသားပေါက် ကောင်ရေ ၂၀၈၆၀၀ ကောင်ကို ငါးမွေးတောင်သူများ ထံပေးအပ် ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)