သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

သာပေါင်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက် ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းအေးက တောင်သူ များအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည် ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုး စရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ငဝန်ဒေါင့်ကြီး ကျေးရွာအုပ်စု၊ ငဝန်‌ဒေါင့်ကြီးကျေးရွာမှ ကိုဗစ်-၁၉ ချေးငွေနှင့် ၂၀၂၀-၂၀၂၁ မိုးစိုက်ပျိုးစရိတ် ချေးငွေကျေပြေ တောင်သူ(၄၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၂၂၄)ဧက အတွက် ကျပ်သိန်းသုံးရာသုံးဆယ့်ခြောက်သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေး ပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးပြေကျန်ရှိ သည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စု(၆၀)၊ စိုက်ပျိုးဧက(၁၃၀၀၀)၊ ချေးငွေ(၁၉၅၀၀၀၀၀၀၀)ကို ထုက်ချေးပေးထားရန်လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ် မန်နေဂျာ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်