လှိုင်းဘွဲ မေ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အခြေခံပညာကျောင်းများမှ တိုင်းရင်းသားဘာသာသင် ဆရာမ/များအနေဖြင့် တိုင်းရင်းသားစာပေများသင်ကြားရာတွင် အဆင့်မီသင်ကြားနိုင်ရန်အတွက် မွမ်းမံသင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဲဆမိတ်ကျေးရွာ အထကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မဲဆမိတ်ကျောင်းဆရာတော်အရှင်စန္ဒရက ဩဝါဒမိန့်ကြားခဲ့ပြီး ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းအတွင်းရေးမှူး ဒေါ်နန်းမြင့်တင်၊ ပကညောစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းအတွင်းရေးမှူး စောစိုးအောင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တို့ကို မပျောက်ပျက်အောင်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မိမိစာပေတိုးတက်ပြန့်ပွားရေး၊ အဆင့်မြင့်တင်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ၏ကျေးရွာများမှ ကျောင်းသား/ သူများအား တိုင်းရင်းသားစာပေတတ်မြောက်ရေးအတွက် ဆရာ/မများအနေဖြင့် ကြိုးပမ်း သင်ပေးရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စကောကရင်စာပေသင်ကြားရေးအဖွဲ့ခေါင်းဆောင် ဆရာမနော်နီမူးက သင်တန်းမှရရှိလာသော တိုင်းရင်းသားဘာသာစာပေသင်ကြားရေးနည်းပညာများကို ပြန်လည်သင်ကြားပြီး လူငယ်လူရွယ်များများစွာ တတ်မြောက်လာမည်ဖြစ်ကြောင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးအုန်းတင်နှင့်တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ၊ သင်ကြားရေးစာအုပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများကို သင်တန်းသား/သူများအားအသီးသီးပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တိုင်းရင်းသားဘာသာသင် ဆရာ/မ(၈၄)ဦးဖြင့် မေလ(၁၉) ရက်နေ့မှ မေလ(၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)