ကန့်ဘလူ မေ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်း လမ်း၊ တံတားလုပ်ငန်း (၂၀) ခုကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်း ရွှေဘို - မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးပေါ်တွင် RCC Box Culvert (၅) စင်းတည်ဆောက်ခြင်းလုပ်ငန်းအား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၅ သန်းဖြင့် လည်းကောင်း၊ စံပါယ်နံသာ - ကန့်ဘလူ - ကျွန်းလှလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်ချဲ့၍ကတ္တာရာခင်းခြင်း၊ RCC Box Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းအား တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၅၅၀ ဒသမ ၇၃၅ သန်းဖြင့် လည်းကောင်း၊ မလယ် - ယမနေ - ဇီးကုန်း - ကာဘိုး - တန့်ဆည်လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ်ချဲ့၍ ကတ္တရာခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၁၂၁၇ ဒသမ ၇၂၅ သန်းဖြင့်လည်းကောင်း စုစုပေါင်း လုပ်ငန်းအရေအတွက်(၂၀)ခုကို ခွင့်ပြုရန်ပုံငွေကျပ် ၂၉၅၃ ဒသမ ၄၆ သန့်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးလမ်းဦးစီး ဌာနမှ လုပ်ငန်းတင်ဒါ၊ ပစ္စည်းတင်ဒါများ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရှန်နှင်းထန်က ပြောသည်။
သို့ဖြစ်ရာ လမ်း၊ တံတား လုပ်ငန်းများပြီးစီးသွားပါက ဒေသနေပြည်သူများနှင့် လမ်းအသုံးပြုသူ များ၏ လမ်းပန်းဆက်သွယ်ရေး၊ သွားလာမှုလွယ်ကူအဆင်ပြေချောမွေ့စေရေးနှင့် ဒေသတွင်း ထွက်ကုန်များ ပို့ဆောင်ရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်းနှင့် ပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)