ဖောင်းပြင် မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ကုန်းလမ်းပို့ဆောင်ရေးတွင် အသုံးပြုသည့် လူစီးသီးသန့်ကားများ၊ ကုန်စည်စီးဆင်းမှုတွင် အသုံးပြုသည့် ကုန်တင်ကားကြီးများ ပြေးဆွဲရာတွင် အဆင်ပြေစေရန်နှင့် ကားဂိတ်များကို မှီခိုပြီး ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသည့် ဈေးသည်များ ဈေးရောင်းချရာတွင် အဆင်ပြေစေရေးအတွက် အဝေးပြေးကားဝန်းနေရာ၌ ကားဂိတ်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ခဲ့ကြောင်း ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က အကြီးတန်းအင်ဂျင်နီယာ ဒေါ်အေးမြတ်မွန်ထံမှ သိရသည်။
အဆိုပါ အဆောက်အဦးတည်ဆောက်ခြင်းလုပ်ငန်းအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယခုလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကာ ပန္နက်တိုင်များ စိုက်ထူခဲ့သည်။
ထိုအဆောက်အဦးမှာ အခန်း ၃၈ခန်းပါရှိသည့်( RC) တစ်ထပ်ခွဲအမျိုးအစားဖြစ်ပြီး တစ်ခန်းလျှင် အရှေ့ မျက်နှာစာ ၁၂ပေ၊ ရှေ့နောက် ပေ၂၀ရှိကာ အဆောက်အဦးတည်ဆောက်ခြင်းကို စည်ပင်သာယာဘတ်ဂျက် အသုံးမပြုဘဲ ပုဂ္ဂလိကကားအသင်းများနှင့် ဈေးရောင်းချလိုသူများအား အခန်းပြတ်ရောင်းစနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်ပြီးစီးပါက ယာဥ်များစည်းကမ်းတကျ ရပ်နား၊ သွားလာနိုင်မည့်အပြင် ကားဂိတ်ကိုအမှီပြုကာ ဈေးရောင်းသူနေသူအနေဖြင့် အဆင့်မြင့်အဆောက်အဦးတွင် ဈေးရောင်းချရမည်ဖြစ်၍ ရောင်းဝယ်ရေးအဆင်ပြေကာ မြို့၏ဥပဓိရုပ်လည်း လှပလာမည်ဖြစ်ကြောင်း အဆောက်အဦးကို ၂၀၂၂ခုနှစ် နိုဝင်ဘာလအကုန်တွင် အပြီးဆောက်လုပ်ရန် လျာထားကြောင်း တာဝန် ရှိသူ၏ ပြောကြားချက်အရသိရသည်။
ကိုထွန်း(ဖောင်းပြင်)