ဖောင်းပြင် မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန်၊ သဘာဝတောများ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်းစိမ်း လန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့သို့သွားရာ ကားလမ်းနံဘေး မြေပုံအညွှန်း 46R- 861855 ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် အပင်အမြင့် ၂ပေကျော်ရှိ ကျွန်း ၃၀၀ပင်၊ ပျဉ်ကတိုး ၁၀၀ပင်၊ မန်ဂျန်းရှား ၅၀ပင်နှင့် မျောက်ငို ၁၀၅၀ပင်တို့ကို စိုက်ပျိုးခဲ့ကြပြီး ဌာနဆိုင်ရာရုံးများ၌ စိုက်ပျိုးနိုင်ရန် အရိပ်ရပျိုးပင်များကိုလည်း ပေးအပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း ၁၆၀ဦး တက်ရောက်ကာ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)