စလင်းမြို့နယ်တွင် ရေဆင်း(၁)စပ်မျိုးနေကြာ နည်းစနစ်မှန် အစေ့ထုတ်လုပ်မှု ကွင်းဆင်း သရုပ်ပြပွဲကျင်းပ

စလင်း မေ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးနေကြာ (၈၅၄၇) ဧက၊ ဆောင်းနေကြာ (၃၆၆၀၂) ဧက စုစုပေါင်း (၄၅၁၄၉) ဧက စိုက်ပျိုးရမည်ဖြစ်သည်။ စလင်းမြို့နယ်အတွင်း နေကြာမျိုးစေ့ မပြတ်စေရေး မျိုးစေ့များ ဒေသအတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ စလင်းမြို့နယ် ဖောင်းလင်းကျေးရွာနှင့် အင်ကြင်းပင် လှကျေးရွာအုပ်စုတို့တွင် မေလ (၂၀) ရက်နေ့မှ စတင်ကာ ယနေ့ မေလ (၂၃) ရက်နေ့အထိ ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်မှုကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

စလင်းမြို့နယ်အတွင်း နေကြာမျိုးစေ့များရရှိနိုင်ရေးအတွက် ဆင်းရွှေနေကြာ(၂)မျိုးနှင့်၊ ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဖောင်းလင်းကျေးရွာတွင်(၂၀၀)ဧကနှင့် အင်ကြင်း ပင်လှကျေးရွာအုပ်စုတွင် ရေဆင်း(၁)စပ်မျိုးနေကြာ (၁၅)ဧက၊ ဆင်းရွှေနေကြာ(၂)(၁၀)ဧက စုစုပေါင်း (၂၅)ဧက မျိုးစေ့ထုတ် စိုက်ပျိုးရမည်ဖြစ်သည်။ ထို့ကြောင့် စပ်မျိုးနေကြာစိုက်ပျိုး ထုတ်လုပ်သည့် ဒေသအတွင်း နည်းပညာအသစ်ဖြစ်သဖြင့် စပ်မျိုးနေကြာထုတ်လုပ်ခြင်းသရုပ်ပြပွဲကို စလင်းမြို့နယ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ၍ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းနှင့် ဌာနဆိုင်ရာများမှ စပ်မျိုးနေကြာထုတ်လုပ်ခြင်း သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့ကြသည်။

စလင်းမြို့နယ် အင်ကြင်းပင်လှကျေးရွာအုပ်စု တောင်သူ ဦးခင်မောင်ဌေး၏ ယာမြေ(၃)ဧကတွင် ရေဆင်း (၁) စပ်မျိုး နေကြာကို အဖို ၂ တန်း၊ အမ ၄ တန်း စိုက်ပျိုးခြင်းကို ဒေသရှိ တောင်သူလယ်ယာလုပ်သားများအား သရုပ်ပြစိုက်ပျိုးပြသခဲ့ပြီး သင်တန်းပေးခဲ့ပြီးဖြစ်သည်။ ရေဆင်း (၁) စပ်မျိုးနေကြာ (၁၅) ဧကနှင့် ဆင်းရွှေ နေကြာ(၂)မျိုး (၁၀)ဧကစိုက်ပျိုးသည့် တောင်သူ (၇)ဦးကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လင်းမှ မျိုးစေ့များဖြင့် မျိုးပွားစိုက်ပျိုးထုတ်လုပ်နိုင်စေရန် မျိုးစေ့များ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)