မြဝတီမြို့၌ သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက်ဆန်ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များလှူဒါန်း

မြဝတီ မေ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့်ရေကြီးမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)သင်္ကန်းညီနောင်မှ ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ယနေ့နံနက် ၁၀ နာရီခွဲက အထက(၃)ကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာ အမှတ်(၂၇၅)ခြေလျင်တပ်ရင်းမှူး ဗိုလ်မှူးစိုင်းဇော်မိုးထွန်း၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်၊ နယ်ခြားစောင့်တပ်ကွပ်ကဲရေးရုံးမှဗိုလ်မှူးစိန်သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ဦးနှင့် တာဝန်ရှိသူများကပေးအပ်လှူဒါန်းရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတာဝန်ခံများက လက်ခံရယူသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့ကို နယ်နိမိတ်ပိုင်းခြားထားသည့်သောင်ရင်းမြစ်ဘေးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပြီး ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး အဆိုပါသောင်ရင်းမြစ်ရေသည် စိုရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်ပြီး ၁၁၆၆ စင်တီမီတာသို့ရောက်ရှိခဲ့သဖြင့် မြဝတီမြို့ သောင်ရင်းမြစ်ဘေးနေရာများနှင့် အနိမ့်ပိုင်းနေရာများရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေကြီးမှုကြောင့် အိမ်ထောင်စု ၇၀၅ စုအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားခြင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)