ဖားဆောင်း မေ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ ခြင်အန္တရာယ်မှ ကင်းဝေးစေရေး၊ ကျောင်းသန့်ရှင်းစေရေး ကျောင်းဝန်း အတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းများ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းစေရေးအတွက် ဌာနဆိုင်ရာများ၊ ခဲမဖြူကျေးရွာဒေသခံပြည်သူများ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယမန်နေ့က ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာ (အ-ထ-က ခွဲ) ကျောင်းဝန်းအတွင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခဲမဖြူကျေးရွာနေပြည်သူများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၈၀) ဦးခန့်က ခဲမဖြူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်း အမှိုက်များ၊ မြက်ပင်များ၊ ခြုံနွယ်များ၊ သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသယ်ယူခြင်း သတ်မှတ်နေရာတွင် အမှိုက်များစနစ်တကျ စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)