ညောင်တုန်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မဲဇလီဒလကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ရုံခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါး၊ မိုးစပါး၊ ဆောင်းသီးနှံနှင့် နေကြာစိုက်ပျိုး ဧကလျာထားချက်၊ အထွက်တင်းများ မှန်ကန်မှုရှိစေရေး၊ ရိုးဖြတ်ကျန်ဧကများ မရှိစေရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့်ဧကများ မရှိစေရေး စသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ပွားများ ထုတ်လုပ်နည်း၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ပြုလုပ်သုံးစွဲနည်းများ၊ စိုက်ခင်းတွင်ကျလေ့ရှိသည့် အဖျက်ပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနည်းများ၊ မြေဆီလွှာပြုပြင် ထိန်းသိမ်းနည်းများ စသည့် စိုက်ပျိုးထုတ်လုပ်မှုအတွက် လိုအပ်သည့် အထောက်အကူပြုနည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတာဝန်ခံများ၊ မဲဇလီဒလကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)