ကျုံပျော်တွင် စပါးအထွက်နှုန်း ကောင်းမွန်ရေးနှင့် စိုက်ဧကလျော့ကျမှု မရှိစေရေး တောင်သူများ နှင့် ဆွေးနွေးပွဲပြုလုပ်

ကျုံပျော် မေ ၂၃

မြန်မာနိုင်ငံ၏ စပါးကျီသဖွယ်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်း ကောင်းမွန်ရေးနှင့် စိုက်ဧက လျော့ကျမှု မရှိစေရေးအတွက် စပါးစိုက် တောင်သူများနှင့် ဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျုံတနီးကျေးရွာရှိ ပြည်လုံးချမ်းသာ ဘုရား တန်ဆောင်းအတွင်း၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်တို့က တောင်သူများ၏ နွေစပါး၊ မိုးစပါး စိုက်ဧကများ လျော့ကျမှု မရှိစေရေး၊ အထွက်နှုန်းတိုးတတ်ကောင်းမွန်ရေး၊ မြေဆီမြေသြဇာ ကောင်းမွန်‌ရေး ဆောင်ရွက် သင့်သည်များနှင့် စိုက်ပျိုးနည်းပညာ တိုးတက်ရန်အတွက် ကျောင်းနေအရွယ်ကလေးများ အားလုံးပညာသင်ကြားပြီး ခေတ်ပညာတတ် တောင်သူများအဖြစ် အနာဂတ် မျှော်မှန်း ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိလိုသည်များအား မေးမြန်းရာ တာဝန်ရှိသူ တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့‌သည်။ ကျုံ‌ပျော်မြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၁၅၀၀၀) ကျော်ရှိပြီး တစ်နှစ်လျှင် မိုးစပါးတင်းပေါင်း (၈၂)သိန်းကျော် ထွက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)