ပုသိမ် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖြစ်သည့် အမှတ်(၁)၊ (၃)၊ (၅) ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ထားရှိမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းဖွင့်လှစ် ရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ် လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှုအခြေအနေများ၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအန္တရာယ် ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးတို့အား စီမံဆောင်ရွက်ထားရှိကြရန် လိုအပ်ကြောင်းတို့ကို လမ်းညွှန် မှာကြားခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
အလားတူ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကျောင်းသူများ ကျောင်းအပ် လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှု အခြေအနေများအား ဆက်လက်စစ်ဆေးခဲ့ပြီး စာသင်စောင် များနှင့် ကျောင်းဝန်းကျင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)