ငပုတောမြို့၌ မိုးရာသီအကြို စု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ငပုတော မေ ၂၃

ငပု​တောမြို့နယ် သစ်​တောဦးစီးဌာနအ​နေဖြင့် စိမ်းလန်းစိုပြည်​ရေးကို အ​ထောက်အကူ ပြုစေရန်နှင့် သာယာလှပပြီး ရာသီဥတု​ပြောင်းလဲမှုဒဏ်ကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ရန် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖြစ်ထွန်း​ရေးနှင့်  သစ်​တော၊ သစ်ပင်များ ကာကွယ် စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းကို  အစဉ်တစိုက်​ ဆောင်ရွက်နိုင်​ရေး၊    သစ်ပင်၊ သစ်တော၏ တန်ဖိုးကို သိနားလည်ပြီး ချစ်ခင်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍  မိုးရာသီအကြို စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ငပုတောမြို့နယ် ကြက်လည်ဆစ်ကျေးရွာရှိ​ ရွှေကြက်ဝပ် ဘုရား​တောင်​ခြေတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မိုးရာသီအကြို စု​ပေါင်းသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားသို့  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်  ဌာနဆိုင်များမှ တာဝန်ရှိသူများ၊ ​မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များနှင့် ​ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊  အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ အတွင်းရေးမှူး ရဲမှူးဦးမြင့်ဆွေ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်နှင့်ဝန်ထမ်းများ၊ လူမှု​ရေးအသင်းအဖွဲ့များနှင့် ပြည်သူများက သတ်မှတ်ထားသော နေရာများတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုး​​ကြသည်။               

အဆိုပါ မိုးရာသီအကြို စု​ပေါင်းသစ်ပင်  စိုက်ပျိုးပွဲကို ငပုတောမြို့နယ် သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အမြင့်(၆)ပေခန့်ရှိသည့် မဟော်ဂနီ အပင်(၁၅၀)၊ ခရေအပင်(၁၅၀)၊ ပျဉ်းဂတိုးအပင်(၁၀၀)၊  မန်ဂျန်းရှားအပင် ( ၁၀၀ ) စုစုပေါင်း အပင် (၅၀၀)အား တက်​ရောက်သူ အင်အား (၉၈)ဦးဖြင့် ကြက်လည်ဆစ်​ကျေးရွာရှိ ​ရွှေကြက်ဝပ်ဘုရားတောင်​ခြေတွင် စု​ပေါင်း စိုက်ပျိုး​ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)