ကြံခင်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၌ အခြေခံပညာ အထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် (မြို့နယ်အဆင့်) သင်တန်းကို မေ ၂၁ ရက်နေ့ နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ (အ. ထ. က-၁) အောင်ကျော်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မေလ(၂၆)ရက်နေ့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့် ကျောင်းတတ်ရောက် ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ၂၀၂၂ ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် တစ်နိုင်ငံလုံး ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ရိုးသစ်သင်ကြားမှု နည်းစနစ်များဖြင့် မျိုးဆက်သစ် ကျောင်းသား/သူများကို ထိရောက်စွာ သင်ကြားပေးနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ စာသင်ခန်းများနှင့် စာသင်ခုံများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်ပေးမှာဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကိုကိုမှ အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအား အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို မိမိတို့ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးအေးထွန်းမှ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနည်းပြများ၏ နည်းစနစ်ကောင်းများဖြင့် ပြန်လည်ပို့ချသင်ပြမှုတွင် သင်တန်းသား၊ သင်တန်းသူများမှ လေ့လာမှတ်သားသင်ယူပြီး ကြိုးစားအားထုတ် မှတ်ယူကြရန်နှင့် သင်တန်း စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ သင်ယူကြရန် ပြောကြားသည်။
အဆိုပါ သင်တန်းတွင် နည်းပြဆရာ၊ ဆရာမ (၁၀)ဦးနှင့် သင်တန်းတတ်ရောက်သူ သင်တန်းသား ဆရာ၊ ဆရာမ (၇၉)ဦး တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ(၂၁)ရက် နေ့မှ မေလ(၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)