အင်္ဂပူ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အ.ထ.က (အင်္ဂပူ) ငုရွှေဝါခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) ကျောင်းအုပ်စုအဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၁ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးမှ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှထွဋ်က သင်တန်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-11) သင်တန်းတွင် သင်တန်းသား/သူ ၂၂၅ ဦး၊ နည်းပြ ၁၄ ဦး၊ ကြီးကြပ် ၆ ဦးတို့ဖြင့် မေလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရုပ၊ ဇီဝ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂနှင့် စာရိတ္တနှင့် ပြည်သူ့ နီတိ/ကာယ ပညာရပ်စသည့်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန်းကျော်၊ အင်္ဂပူ(ပြန်/ဆက်)