ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၃ ဦးအား ရွေးချယ်ဆောင်ရွက်

ဆိပ်ဖြူ စက်တင်ဘာ  ၄

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၌ သက်ဆိုင်ရာမဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၀၃)ဦးနှင့် အရန်အထူးရဲ (၂)ဦးကို ရွေးချယ်ထားရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးတို့က ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်ရေးကာလနှင့် ရွေးကောက်ပွဲ ကျင်းပမည့် ရက်များတွင် မလိုလားအပ်သော ပြသနာများ မဖြစ်ပွားရေး လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်အတွင်းတည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်နိုင်စေရန် အထူးရဲများ‌ရွေးချယ်ခဲ့ကြောင်း သိရသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်အထူးရဲ ရွေးချယ်ရာတွင် မြို့နယ် ရဲတပ်ဖွဲမှူး ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ဥပဒေအရာရှိ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ၊မြို့မ ရဲစခန်းမှူးနှင့် မြို့မိမြို့ဖ တစ်ဦးတို့ပါဝင်သော အထူးရဲရွေးချယ်ရေးကော်မတီက သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီသော အထူးရဲများကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ထားသော အထူးရဲများကို အောက်တိုဘာလ အတွင်း သက်ဆိုင်ရာဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင်ကြီးကြပ်၍ အထူးရဲ နည်းပြ (ဆင့်ပွား) သင်တန်းဆင်းအရာရှိများက သင်တန်းပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်စဉ် ကာလတွင် အထူးရဲတပ်ဖွဲ့ဝင်များအတွက် နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု များနှင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း ကာ ဆောင်ရွက် သွားမည်ဖြစ်သည်။ အထူးရဲတပ်ဖွဲ့ဝင်များကို အောက်တိုဘာလ၁ ရက်နေ့မှ နိုဝင်ဘာလ၁၅ ရက်နေ့အထိ  ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး  တာဝန်ထမ်းဆောင်စဉ် အထူးရဲများအား သတ်မှတ် ယူနီဖောင်း များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အထူးရဲတပ်ဖွဲ့ ဝင်တစ်ဦးလျှင် လစာငွေ (၁၄၄၀၀၀)ကျပ်၊ တစ်ရက် ရိက္ခာငွေ (၁၈၀၀) ကျပ်နှုန်းဖြင့် ခန့်အပ် သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးက သိရသည်။

ကိုဇွဲ(အညာမြေ)