ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ၌ Solar Mini-Grid မီးလင်းရေးဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျိုက်လတ် မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာအုပ်စု၊ အိမ်ယာကြီး ကျေးရွာ Mini Grid စီမံကိန်းဝန်း၌ ယမန်နေ့ နံနက်ပိုင်းက ကျိုက်လတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက NEP စနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် Solar Mini-Grid မီးလင်းရေး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ သည် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အထူးအရေးပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ်၌ စွမ်းအင်သုံးစွဲမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာပေးသော အဓိကအညွှန်းကိန်း တစ်ခုလည်းဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေသည်သာမက ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ကို ထောက်ပံ့ပေးနိုင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများပါ တစ်ပါတည်း ရရှိလာစေ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP)အစီအစဉ်ကို ရေးဆွဲခဲ့ပြီး နိုင်ငံတကာ ချေးငွေ အမေရိကန်ဒေါ်လာသန်း (၉၀)နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ NEP စီမံကိန်းအစီအစဉ်အရ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင် အထက်ဝေးကွာပြီး နောင် (၁၀)နှစ်၊ (၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သည့် ကျေးရွာများအတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခု ကျိုက်လတ်မြို့နယ်၊ အိမ်ယာကြီးကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်သည့် ဆိုလာအသေးစားဓာတ်အား စနစ်သည် အရွယ်အစား (၁၁၅) ကီလိုဝပ်၊ အရံဒီဇယ် အင်ဂျင်(၁၁၀) ကီလိုဝပ် ပါဝင်ပြီး ငွေကျပ် (၈၁၇)သန်းကျော် အကုန်အကျခံဆောင်ရွက်ခဲ့ကြောင်း၊ ယခုလျှပ်စစ်မီးလင်းရေးစီမံကိန်းကို  ZLT Super Electrical Co,Ltd မှတာဝန်ယူတည်ဆောက်ခဲ့ပြီး  နိုင်ငံတော်ရန်ပုံငွေမှ  (၆၀)ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူလူထုမှ  (၂၀)ရာခိုင်နှုန်းနှင့် လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှ (၂၀)ရာခိုင်နှုန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခု စီမံကိန်းကို ကျေးရွာရှိ အိမ်ခြေ(၂၉၅)အိမ် ခန့် အကျိုးခံစားခွင့်ရရှိရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ခြေ(၁၆၈)အိမ်ခန့် ဓာတ်အားချိတ်ဆက် ရယူထားကြောင်း စသည်တို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုဖွင့်လှစ်သည့် အိမ်ယာကြီးကျေးရွာ Solar Mini-Grid မီးလင်းရေးကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာနေပြည်သူများနှင့် ZLT Super ElectricalCo,Ltd တို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်း မရောက်နိုင်သောကျေးရွာများ၏ Solar Mini-Grid မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် ယနေ့အထိစီမံကိန်း (၂၈)ခု အနက် ပြီးစီးခဲ့သည့် လုပ်ငန်း(၁၉)ခုထဲတွင် ပါဝင်ကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်း (၉)ခုရှိပြီး ကျေးရွာပေါင်း (၁၇)ရွာက အိမ်ခြေ (၂၄၀၀)ကျော်ရှိ ပြည်သူများမှာ မကြာမီကာလအတွင်း လျှပ်စစ်မီး ရရှိသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က Solar Mini-Grid မီးလင်းရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ZLT Super Electrical Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဇင်လင်းထိုက်ကကျေးရွာရှိ နေအိမ်များကို (၂၇-၃-၂၀၂၂) ရက်နေ့မှ စ၍ (၂၄)နာရီ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် ကျေးရွာ မီးလင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာ မီးလင်း ရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ဆိုလာ အသေးစားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်း အား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အသေးစားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း ကျေးလက်မီးလင်းရေးလုပ်ငန်း ကမ္ဗည်းမော်ကွန်း ကြေးပြားအားစက်ခလုတ်နှိပ် ဖွင့်လှစ်ကာ အမွှေး နံ့သာများ ပက်ဖြန်းခဲ့ပြီး ဆိုလာမီးလင်းရေးလုပ်ငန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ZLT Super Electrical Co,Ltd မှ တာဝန်ရှိသူများ၊ ကျေးရွာဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရီရီမြင့်