မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယ အလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်အနားကျင်းပ

မကွေး မေ ၂၂

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်အနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အားကစားဝါသနာရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲကို ကျန်းမာကြံ့ခိုင် သော အမျိုးသမီးများဖြစ်လာစေပြီး ကျန်းမာရေးအတွက် ကာယလေ့ကျင့်ခန်းများ လိုက်စား ရာမှ အားကစားကို ချစ်မြတ်နိုးသောစိတ်များ ပေါ်ပေါက်လာကာ မိမိတို့၏ ရှိရင်းစွဲ ပင်ကို အလှ ပို၍လှပလာစေရန်နှင့် အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သော မြန်မာနိုင်ငံ၏ သမီးကောင်း မိခင်များအဖြစ် ရောက်ရှိလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ “ အမျိုးသမီးထု ကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီ တက်လှမ်းမည်” ဆိုသည့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် လူရည်ချွန် အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာရေးအတွက် အမျိုးသမီး ကိုယ်ကာယအလှမယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲမှ တစ်ဆင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေ ရေး၊ မတူညီသော အတွေ့အကြုံများ နည်းစနည်းများအား ဖလှယ်ကာ ကိုယ်လက်လှုပ်ရှား ခြင်း၏ အကျိုးကျေးဇူးများကို သိရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့အမျိုးသမီးတိုင်း ကျန်းမာ ကြံ့ခိုင်မှ မိသားစုတာဝန်များ၊ လုပ်ငန်းတာဝန်များသာမက နိုင်ငံ့တာဝန်များကိုပါ ကျေကျေ ပွန်ပွန်ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကိုယ်ကာယအလှမယ်များအနေဖြင့် မိမိတို့ခရိုင်၊ တက္ကသိုလ်/ကောလိပ်များ အောင်မြင်မှုရရှိစေရေးအတွက် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အစွမ်းကုန်အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ ကိုယ်ကာယအလှမယ် ပြိုင်ပွဲဝင်များအားလုံး စင်ပေါ်တွင် ပမာဏ ယှဉ်ပြိုင် ခြင်း၊ တစ်ဦးချင်း ကိုယ်ကာယအလှပြခြင်းများအား ယှဉ်ပြိုင်ခြင်းဆောင်ရွက်ခဲ့ပြီး နောက် ဝါသနာရှင် အဆိုရှင်များမှ တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုယ်ကာယအလှမယ် ဇကာတင် ရွေးချယ်ခံရသည့် ကိုယ်ကာယအလှမယ် ပြိုင်ပွဲဝင်(၉)ဦးမှ စင်ပေါ်တွင် လမ်းလျှောက်ကိုယ်ကာယအလှပြသခြင်း၊ တစ်ဦးချင်း စိတ်ကြိုက် ကိုယ်ကာယအလှပြခြင်းများ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကဖလား ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော မကွေးခရိုင်ကိုယ်စားပြု အလှမယ်အား တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်မှ ဆုကလပ်သရဖူ၊ ကျိုင်းစလွယ်နှင့် ငွေသားဆု များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော သရက်ခရိုင်ကိုယ်စားပြု အလှမယ်အား ဆုကလပ်နှင့် ငွေသားဆုများကို အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၏ ဇနီးမှ လည်းကောင်း၊ တတိယဆုရရှိသော မင်းဘူးခရိုင် ကိုယ်စားပြုအလှမယ်အား ဆုကလပ်နှင့် ငွေသားဆုမျာအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာချိုမှ လည်းကောင်း၊ အထူးဆုရရှိသည့် အလှမယ်များအား ဆုကလပ်နှင့်ငွေသားဆုများအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)