ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များနှင့် သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ကလေးငယ်၏ နေအိမ်နှင့် အိမ်ပတ်လည်ကိုက်တစ်ရာအတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံး ရေကန်များအတွင်းသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်‌ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လမ်းတွေ့သော ရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိ ရသည်။

နိုင်လင်း(ပြန်/ဆက်)