စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သော ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

မုံရွာ မေ ၂၂

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓါတ် ဖြစ်ပေါ်လာနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ညီညွှတ်မျှတ စေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုး များရရှိစေရေးတို့ကို ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးစိုက်ပျိုးပွဲတော် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာစီးပွားရေးတက္ကသိုလ် ဆရာ/ ဆရာမများကိုယ်စား ပါမောက္ခချုပ်ထံ သပြေဘူတပင် အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ဆီသပြေပင် အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မုံရွာခရိုင်ဦးစီးမှူထံ ပိတောက်ပင်အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံ မယ်ဇယ်ပင်အားလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပျိုးပင်များအား တာဝန်ရှိသူ များထံ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပိတောက်ပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများအတူနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။

မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၂-ခုနှစ်၊ မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပေနှင့်အထက် နှစ်သားအရွယ်ရှိ သစ်ပင်မျိုး ပေါင်း- ၁၀ မျိုး၊ ပျိုးပင်ပေါင်း - ၁၀၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနအနေဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီတွင် စီးပွားရေးကျွန်းစိုက်ခင်း ၁၀၀ ဧကအတွင်း ပျိုးပင်ပေါင်း - ၁၂၁၀၀၀ ပင်၊ ကျေးရွာထင်းစိုက်စိုက်ခင်း - ၆၀ ဧကအတွင်း စိုက်ပျိုးပင်- ၇၂၆၀၀ ပင်၊ သဘာဝတောတန်ဘိုးမြှင့် စိုက်ပျိုးခြင်း - ၁၀၅၀ ဧကအတွင်း ပျိုးပင်ပေါင်း - ၇၃၅၀၀ ပင်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင် စိုက်ပျိုးခြင်း ၅၅၅၀.၈၆ ဧကအတွင်း ပျိုးပင်ပေါင်း - ၈၃၂၆၂၉ ပင်၊ လမ်းဘေးဝဲယာ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း တစ်ရွာ ဧက စိုက်ပျိုးခြင်းနှင့် ပြည်သူလူထုသို့ စိုက်ပျိုးခြင်းတွင် ပျိုးပင်ပေါင်း - ၇၅၄၅၈၀ ပင်၊ စုစုပေါင်း ပျိုးပင် - ၁၈၅၄၃၀၉ ပင်အား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကိုဇွန်လတွင် ဖွင့်လှစ်တော့မည် ဖြစ်ရာ  ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရေးအတွက်  ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အမှတ်() အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများကို ပေးအပ်ကာ ကျောင်းဆောင် အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)