ဆိပ်ဖြူမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း များ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေး

ပခုက္ကူ  စက်တင်ဘာ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ဆိပ်ဖြူမြို့နယ်၊ ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေသားရေကန် ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးဆောင်ရွက်မှု အခြေအနေတို့ကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေနှင့်ဝန်ထမ်းများက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံ ငွေကျပ်သိန်း(၁၀၀)စီဖြင့် လုပ်ငန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းကျေးရွာနှင့်ညောင်နီချောင်းကျေးရွာတို့တွင် မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြရာ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များက စီမံကိန်းဆိုင်ရာနှင့်အခြားလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျေးရွာကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပြီး မြေသားရေကန် ရေရှည်တည်တံ့ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးတို့အတွက်  ရေကန်အတွင်း ရေဝင်လမ်းကြောင်းများရှိ အမှိုက်များ မရှိစေရေး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားကြရန်တို့ကို မှာကြားသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခ ပေးချေမှု စနစ်ဖြင့် ဆိပ်ဖြူမြို့နယ်၊ ကျေးရွာ(၁၀)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်း ပြည့်ပြီးစီး အောင်မြင်ပြီးဖြစ်ကြောင်းသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)