ရွှေသောင်ယံမြို့တွင် မိုးသက်လေပြင်းအရှိန်ကြောင့် အုန်းပင်လဲ၍ အိမ်တစ်လုံးပျက်စီး

ရွှေသောင်ယံ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းအရှိန်ကြောင့် အမှတ်(၂)ရပ်ကွက်ရှိ ဓနိမိုး၊ ဓနိကာ အိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်စဉ် အဆိုပါအိမ်တွင် မိသားစု (၃)ဦးရှိနေပြီး အိမ်အားအုန်းပင်ပိသည့် အရှိန်ကြောင့် အသက်(၁၂)နှစ် အရွယ် ယောင်္ကျားလေးတစ်ဦးတွင် ဦးခေါင်းပေါက်ပြဲ (မစိုးရိမ်ရ)ဒဏ်ရာအနည်းငယ်ရရှိကာ ကျန်မိသားစုဝင်များမှာ ထိခိုက်ဒါဏ်ရာမရရှိခဲ့ကြောင်း သိရသည်။

ထိုသို့လေပြင်းတိုက်ခတ်ပြီး ပြိုလဲပျက်စီးမှုများ ဖြစ်ပွားရာသို့ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ စသည်ဖြင့် တာဝန်ရှိသူများ လာရောက်၍ ဒါဏ်ရာရရှိသော ခလေးအားဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ပြိုကျပျက်စီးသော အိမ်အား ကာလတန်ဖိုး တွက်ချက်ပေး၍ မိသားစုများအား အားပေးခြင်းစသည်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)