ကျွန်းလှ၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ကျွန်းလှ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၃) တောင်သူ၊ ဦးရာစိန်၏ လယ်မြေ (၂) ဧကတွင် ယနေ့ နံနက် ၇ နာရီက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲကျင်းပကြောင်း သိရသည်။

ထိုသို့ သစ်‌စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးရာတွင် ပဲမျိုးရင်းဝင်အပင်တွေကို သီးနှံ မစိုက်ပျိုးမီ မြေလပ်ထားချိန် စိုက်ပျိုးရကြောင်း၊ အပင်သက်တမ်း ၄၅ ရက်သားအရွယ်မှာ ထယ်ထိုးမြေမြုပ်၍ သစ်စိမ်းမြေဩဇာရယူရကြောင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အသုံးပြုခြင်းဖြင့် သီနှံများအပင် အာဟာရဖြစ်ထွန်းပြီး ပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချနိုင်ကြောင်း၊ ဓါတုမြေဩဇာကို စဉ်ဆက်မပြတ်အသုံးပြုလျှင် မြေဆီလွှာပျက်ဆီးမှု ဖြစ်ပေါ်နိုင်ကြောင်း၊ ဩဂဲနစ်မက်ကာများဖြစ်သည့် သစ်ဆွေးမြေဩဇာများရရှိခြင်း၊ ဓါတ်မြေဩဇာ ကုန်ကျမှုသက်သာခြင်း၊ မြေဆီလွှာထက်သန်မှုအများဆုံးရရှိခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်းကြောင့် တောင်သူတွေ စိုက်ပျိုးသင့် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ရှင်းလင်းပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ဧက (၁၂၀) စိုက်ပျိုးရန်လျာထားပြီး၊ မျိုးစေ့ထုတ်စံပြကွက် ဧက (၂၀) စိုက်ပျိုးမည်ဖြစ်ကြောင်း၊ တောင်သူများအား မျိုးစေ့များ ထောက်ပံ့ခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ လက်တွေ့စိုက်ပျိုးပြသခြင်း၊ ဟောပြောဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

မျိုးဝင်းညို ကျွန်းလှ