ကလိန်အောင် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးတွင်းကာလ၌ ဖြစ်ပေါ် လေ့ရှိသော လေပြင်းမုန်တိုင်းအန္တရာယ် ရေကြီးရေလျံခြင်း အန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁ဝ နာရီခန့်က ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က အသိပညာပေး ဆွေးနွေးပွဲ Talk show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့ခွဲမှူး ဦးအောင်ဖြိုးခိုင်က ကြက်ခြေနီအသင်း၏ အဓိကလုပ်ငန်းစဉ် (၃)ရပ်ဖြစ်တဲ့ ကျန်းမာရေး၊ ရောဂါဘေးများ ကာကွယ်တားဆီးရန်၊ သဘာဝဘေးဒုက္ခများ ကျရောက်သူများကို ကူညီရပ်ဖြစ်ပြီး ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် အခုလက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝဘေး အန္တရာယ်များမှာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ သဘာဝဘေးကြောင့် ဖြစ်ပေါ် လာသော ရေကြီးရေလျှံခြင်း၊ မိုးခေါင်းရေရှာပါးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဘေးများအတွက် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယခုအချိန်သည် နွေနှောင်းကာလဖြစ်သည့်အတွက် လေပြင်းမုန်တိုင်းတိုက်ခတ်လျှင် ကြိုတင် ပြင်ဆင်ရန်၊ မိမိအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများသည့် သစ်ပင်များ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးကြီးစာရွက် စာတမ်းများကို မိမိနှင့်အတူ ထားရှိရန်၊ မိုးသည်းထန်ပြီး ယခုလိုရေဘေးအန္တရာယ်နှင့် ပတ်သက်သော ကြိုတင်သတိပေးရမည့် အချက်များကို မဖြစ်ပေါ်မီ၊ ဖြစ်ပေါ်နေဆဲကာလ ဖြစ်ပေါ်ပြီး အခြေအနေများကို ခွဲခြား၍ ပညာပေးဆွေးနွေးရခြင်းဖြစ်ပြီး ရေကြီးခြင်း သတိပေးချက်များတွင် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ အခြားသူများကိုလည်းမျှဝေ ပေးပါ၊ ချောင်းများ၊ ချောင်းဖျားများတွင် မိုးကြီးပါက မြစ်ကြောင်းတစ်လျှောက်တွင် လျှပ်တပြတ်ရေများကြီးနိုင်ကြောင်း သတိပြုရန်နှင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်များ ကို ပြည်သူများကအလေးထား လိုက်နာဆောင်ရွက်မှသာလျှင် အသက်အန္တရာယ် ထိခိုက်မှု ပစ္စည်းဆုံးရှုံးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြည်သူများ လိုက်နာနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We love Kaleinaung page စာမျက်နှာတွင် လွှင့်တင်ပေးသွားမည်ဖြစ်၍ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
ခင်ခင်လဲ့( ပြန်/ဆက်)